ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၁.၀၆.၂၀၀၈) မှာလဲ မြန်မာကျောင်းသားများ စုပေါင်းပြီး ထပ်မံရောက်ရှိလာသည့် အ၀တ်အထည်များ ကို အဆောင်အတွင်း၌ စနစ်တကျ ထုတ်ပိုးပြင်ဆင် ခဲ့ပါသည်။ ငွေကြေးနှင့် အ၀တ်အထည် လှူဒန်းမှုများ တစ်နေ့ထက် တစ်နေ့ တိုးတက်များပြား လာသဖြင့် လက်မလည်နိုင်အောင် ဘဲရှိနေသလို ကျောင်းအဆောင်မှာ စုစည်းထားသည့် အ၀တ်အထည် များမှာတင် (၁) တန် ကျော်ရရှိနေပြီဖြစ်ကြောင်း ကိုလည်း သတင်းကောင်း ပါးလိုက်ပါသည်။ ထို့နည်းတူ အလှူငွေကောက်ခံ ထားသည် မှာလဲ (၁၅) သောင်းခန့် ရရှိနေပါသည်။ လာမည့် သီတင်းပတ် အတွင်း၌လည်း ဆိုင်တမတက္ကသိုလ် အတွင်း အလှူငွေ ဆက်လက် ကောက်ခံရန် စီစဉ်လျက် ရှိပါသည်။ ဆိုင်တမတက္ကသိုလ်ရှိ မြန်မာကျောင်းသားများ အနေနှင့် ယခုကဲ့သို့ အချိန်တိုအတွင်း အ၀တ်အထည်နှင့် အလှူငွေများ မြောက်မြားစွာ စုဆောင်း ကောက်ခံ နိုင်ခြင်း မှာလည်း တခြားတက္ကသိုလ်များ မှ မြန်မာကျောင်းသား ကျောင်းသူများ၊ မြန်မာလူမျိုးများ ၏ အင်တိုက်အားတိုက် ပါဝင် ကူညီမှုများ ကြောင့် ဖြစ်ပါသည်။ ဘွဲ့ယူစာတမ်း၊ သုတေသနစာတမ်း များ ပေးအပ်ရန် အချိနအလွန် နီးကပ်နေသည့် ကျောင်းသား၊ကျောင်းသူများပင် တကူးတကပါဝင် လက်တွဲ ဆောင်ရွက် နေသည်များကို ကြုံရ၊ ကြားရသဖြင့် လဲ ၀မ်းသာ ဂုဏ်ယူမိပါသည်။ ဆက်လက်၍ ပါဝင်ကူညီ ဆောင်ရွက်မည် ဟုလည်း တထစ်ချ ယုံကြည်ပါသည်။
ထို့အတူ ကျွန်တော်တို့ မြန်မာလူမျိုးများ ဂျပန်နိုင်ငံတ၀ှမ်း အလျဉ်းသင့် သလို ပြုလုပ်နေကြသည့် ဆိုင်ကလုန်း ဘေးဒုက္ခသည်များ အတွက် အလှူခံ မှုများပြုလုပ်ရာတွင် ဂျပန်လူမျိုးများ ၏ အားတက်သရော ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးမှုများကို တွေ့မြင် ကြုံတွေ့ရလျက် ရှိပါသည်။ ကျွန်တော်တို့ အ၀တ်အထည်များ ထပ်မံပြင်ဆင် ထုတ်ပိုးသည့် တနင်္ဂနွေ နေ့ ၌ လည်း ဆိုင်တမနေ့စဉ် သတင်းစာမှ လက်ရှိဆောင်ရွက် နေမှုများကို လာရောက်လေ့လာ မေးမြန်းခဲ့ပြီး၊ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယခုသီတင်းပတ် အကုန်တွင် ၎င်းတို့၏ သတင်းစာ၌ ထည့်သွင်းဖော်ပြ ပေးသွားမည် ဟုသိရှိရပါသည်။ ဤကဲ့သို့ ၀ိုင်းဝန်း ပံ့ပိုးကူညီမှုများ ကြောင့် ဆိုင်တမခရိုင် အတွင်းရှိ ဂျပန်လုပ်ငန်းရှင် များထံ မှ လည်း အ၀တ်အစားများ (၁၀) တန်ခန့် ထပ်မံ၍ အလှူခံရရှိထား ပါသည်။
No comments:
Post a Comment