Thank you very much indeed for your donation...............လှူဒန်းမှုအစုစုအတွက် အထူးကျေးဇူးတင်ရှိပါသည်။...............どもありがとうございました!

Sunday, May 25, 2008

သီတဂူဆရာတော်ဘုရားအားလျောက်ထားမေးမြန်းချက်။

ဧရာဝတီတိုင်းအတွင်းမှ မုန်တိုင်းကြောင့် ဘေးသင့်ဒုက္ခရောက်နေကြသူတွေကို အားကျိုးမာန်တက်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးနေတဲ့ သီတဂူဆရာတော်ဘုရား စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ ၂၅-၀၅-၂၀၀၆ နေ့မှာ ဂျပန်နိုင်ငံ၊ဆိုင်တမတက္ကသိုလ်မှ မြန်မာ ကျောင်းသားတစ်စုက အလှူကိစ္စတွေနဲ့ပတ်သတ်ပြီးတယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး လျောက်ထား မေးမြန်းချက် များကိုအခြားလှူဒန်းလိုသူများပါသိရှိနိုင်ဖို့အတွက် ဖော်ပြ ပေးလိုက်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီးဟာ ယခုလက်ရှိမှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ပျက်စီးသွားသော ဆေးရုံများပြန်လည်တည်ပေးခြင်း၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းမျာနှင့် ဒုက္ခသည် များအတွက်အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရေး စသည့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့လျောက်ထားမေးမြန်ချက်များကို ဆရာတော်ရဲ့တရားပွဲအပြီး စကာင်္ပူစံတော်ချိန် ည ၁၁ နာရီခန့်မှာ စိတ်ရှည် လက်ရှည် ဖြေကြားပေးခဲ့ပါတယ်။

မေး။ အရှင်ဘုရား တပည့်တော်တို့ ဂျပန်နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေပါဘုရာ.၊ အရှင်ဘုရား ဆောင်ရွက် လျက်ရှိတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ဂျပန်နိုင်ငံမှ ပါဝင်လှူဒန်းလိုတဲ့အတွက် သိချင်တာလေးတွေကို လျောက်ထားမေးမြန်းခွင့် ပြုပါဘုရာ့။

ဖြေ။ အေး ဂျပန်ကလားကွ။ မေးပါ၊ သိချင်တာတွေအကုန်လုံး ဘုန်းဘုန်း ဖြေပေးပါမယ်။

မေး။ ပထမဦးဆုံးအနေနဲ့ ငွေသားအလှူရှင်တွေကို ကျေးဇူးတင်လွှာ၊ ဒါမှမဟုတ် လက်ခံရရှိကြောင်း စာရွက်စာတမ်း စသည်ဖြင့် ပြန်ပြီးပေးနိုင်မလားဆိုတာကို သိပါရစေဘုရာ.။ ဒါက တပည့်တော်တို့ ဒီမှာ အလှူငွေဆက်တိုက်ကောက်ခံတဲ့ နေရာမှာ အလွန်ကို အရေးကြီးလို့ပါဘုရာ့။

ဖြေ။ ဟာ ဒါပေးရမှာပေါ့၊ လိုတာပေါ့ကွာ။ ဘုန်းဘုန်းကိုယ်တိုင် sign ထိုးပြီး ပေးမယ်။ သီတဂူ ကျောင်းတံဆိပ်တုန်းထုပြီး အလှူရှင်လိပ်စာအတိုင်းစာတိုက် ကနေတဆင့် ပြန်ပို့ပေးမယ်။ Email တွေဘာတွေနဲ့လဲ ပြန်ပို့ပေးနိုင်အောင် ဘုန်းဘုန်းသေချာ စီစဉ်ပေးမှာပေါ့။ ဓါတ်ပုံတွေ ဘာတွေလဲ ပြန်ပို့ ပေးနိုင်အောင် လုပ်ပေးပါမယ်။

မေး။ နောက်တစ်ခုကဘုရာ့၊ ဒီအလှူငွေတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုဖို့ ရာထားတယ်ဆိုတာမျိုးကိုရော ပြောပြနိုင်ပါမလား ဘုရာ့၊ အကြမ်းဖျင်းလောက်ပါ ဘုရာ့။

ဖြေ။ လောလောဆယ် ဘုန်းဘုန်းတို့ဆီမှာ အလှူ ငွေ ဒေါ်လာ ခြောက်သောင်းလောက်ရထားပါတယ်။ ဆက်ပြီးတော့ လဲလှူနေကြ တုန်းပါဘဲ။ အေး နံပါတ် (၁) က ကျေးရွာတွေမှာ ပြိုပျက်သွားတဲ့ ဆေးရုံတွေ အသစ်ပြန်လည် တည်ဆောက်တဲ့နေရာတွေမှာ၊ ပျက်ဆီးသွားတဲ့ စာသင်ကျောင်းလေးတွေ ဘုန်းတော်ကြီးကျောင်းတွေ ပြန်လည်တည်ဆောက် ပေးတဲ့ နေရာတွေမှာ သုံးမယ်။ အဲဒီ (၃) ခုမှာ အဓိကသုံးမယ်။ နောက်ပြီးတော့ လူနေအိမ်တွေ အတွက် သွပ်မိုးတွေ၊ အိုးခွက်ပုဂံ တွေ လှူဒန်းပေးမယ်။ ဒါတွေ သူတို့မှာ မရှိကြတော့ ဘယ်လောက်ဒုက္ခရောက်ကြမလဲ စဉ်းစာသာကြည့်ကြပေါ့ကွာ။ ဒီအိုးတွေ ခွက်တွေအတွက် အကုန်းလုံး အော်ဒါမှာထားပြီးပြီ။ နောက်ပြီး အခုဒီစင်္ကာပူကို လာတယ်ဆိုတာလဲ အလှူခံရင်းနဲ့ ဆေးရုံသုံး ပစ္စည်းတွေလဲလာဝယ်တာ။ ဟိုမှာက ဘာဆို ဘာမှကို မကျန်တော့ဘူး။ ဒါပေမဲ့ အခု ဆေးတွေကတော့ တန်နဲ့ချီပြီးရောက်နေပါပြီ။

မေး။ အဲဒီလုပ်ငန်းတွေကို ဘယ်နေရာ၊ ဘယ်ဒေသတွေမှာ လုပ်ကိုင်နေတယ်၊ လုပ်ဆောင်မယ်ဆိုတာကို သိရနိုင်မလားဘုရာ့။

ဖြေ။ အခုလက်ရှိကတော့ ဘိုကလေးဘက်မှာပါ။ အသေးစိတ်တွေကိုတော့ ဘုန်းဘုန်းတို့ရဲ့ website မှာ ကြည့် ကြည့်ကြပါ။


မေး။ နောက်တခုကဘုရာ့၊ တပည့်တော်တို့ တတွေပေါ့ ဂျပန်ကနေ ဘာတွေများ ပေးပို့လှူဒန်းရင်ကောင်းမယ်လို့ထင်ပါသလဲဘုရာ့။

ဖြေ။ လှူနိုင်မယ်ဆိုရင်တော့ စောင်တို့ ဘာတို့ လိုသေးတာပေါ့၊ နောက်ပြီး လုံခြည် အင်္ကျီ ချုပ်ဘို့ ပိတ်အုပ်တွေရရင်ကောင်းတာပေါ၊ ဖြတ်ဖြတ်ပြီးဝေပေးလိုက်နိုင်တာပေါ့၊ အလွယ်ဆုံးပေါ့ကွာ။ အင်္ကျီအ၀တ်အစားဆိုရင်လည်း ဒီကလူတွေနဲ့ သင့်တော်မှပို့ပေါ့ကွာ၊ သင့်မလား၊ မသင့်ဘူးလားဆိုတာကို အရင်စဉ်းစားပြီးမှပို့ပါ။ အံဝင်ဂွင်ကျ မဖြစ်ရင် ဒကာတို့ ပို့လိုက်တာတွေ အလကားဖြစ်ကုန်မယ်။
ပြီးတော့ ရန်ကုန်မှာကို လာလှူထားတွေ မနည်းမနောရှိနေတယ်။

မေး။ တခြား ရေသန့်ဆေးပြားတွေ ဘာတွေရောလိုအပ်ပါသေးလားဘုရာ့။

ဖြေ။ ရေသန့်ဆေးပြားတွေကတော့ ကွာ ဂျပန်ကနေ ပိုဖို့ မလိုပါဘူး၊ ရန်ကုန်မှာ အများကြီးရောက်နေပါပြီ။ ငွေကြေး လှူဒန်းမှုကတော့လောလောဆယ်မှာ အသင့်တော်ဆုံးဘဲပေါ့။ လိုတဲ့နေရာမှာ ချက်ခြင်းသုံးလို့ရတာပေါ့။

မေး။ အခုလိုသိရတာအင်မတန်မှ အကျိုးရှိလှပါတယ်ဘုရာ့၊ ဂျပန်က လှူဒန်းလိုတဲ့ သူတွေဆီကိုလဲ ဆက်လက်ပြီး အကြောင်းကြားပေး ပါမယ်။

ဖြေ။ အေး ကောင်းပါတယ်၊ လုပ်ပါ။ ဘုန်းဘုန်း ကိုယ်တိုင် လာနိုင်မယ်ဆိုရင်တော့ပိုကောင်းတာပေါ့ကွာ။ အဓိက ကတော့ ဖိတ်စာရရင်တော့ လာနိုင်အောင်ကြိုးစားမယ်ကွာ၊ လေယဉ်ပျံလက်မှတ်တွေ နေဖို့ထိုင်ဖို့တွေ က ကိုယ့်ဘာသာ စီစဉ်လို့ရပါတယ်။

မေး။ အရှင်ဘုရား၊ တပည့်တော်တို့ကို ဘာများ မှာကြားချင်ပါသေးသလဲဘုရာ့။

ဖြေ။ အေး တစ်ခုကွ၊ အဲဒီဂျပန်မှာ ဘုန်းဘုန်းရဲ့ တပည့်ဒါယကာ အရင်းတစ်ယောက်ရှိတယ်။ အဆက်အသွယ်ပြတ်နေတာကြာပြီ၊ နိုင်အေးတဲ့၊ မော်လမြိုင်က၊ အသက်က ၃၅နှစ် လောက်ရှိမယ်။ ဂျပန်အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတယ်လို့ကြားတယ်။ သူ့ကို ဘုန်းဘုန်းဆက်သွယ်ချင်တယ်။ အဲဒါ ဖြစ်နိုင်ရင် ဒကာတို့ ၀ိုင်စုံစမ်းပြီး တွေ့ရင် ဘုန်းဘုန်း ဒီဖုန်းကိုဆက်သွယ်ပါလို့ ပြောပေးပါ။

မေး။ ကောင်းပါပြီဘုရာ့၊ တပည့်တော်တို့ ကျိုးစားစုံစမ်းကြည့်ပေးပါမယ်ဘုရာ့။ အခုလိုစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ အတွက် အထူးကျေးဇူး တင်ရှိပါတယ်ဘုရာ့။ အခုလို အရှင်ဘုရားထံလျောက်ထားမေးမြန်း ထားတာတွေကို တပည့်တော်တို့ Internet မှာ ဖော်ပြလိုက်လို့ ရမလားဘုရာ့၊ အခြားဆက်သွယ်လှူဒန်းလိုသူတွေလဲ သိရအောင်လို့ပါဘုရာ့။

ဖြေ။ အေး ရပါတယ်။ ကောင်းတာပေါ့ကွာ။ ဖော်ပြပေးလိုက်ပါ။ မေးစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ်။

မေး။ တင်ပါ့ဘုရား၊ တပည့်တော်တို့လဲ အရှင်ဘုရားကိုဒီကနေ ရှစ်ခိုးဦးတင်ပါတယ်ဘုရာ့။


သီတဂူဆရာတော်ဘုရား ဟာ စင်္ကာပူနိုင်ငံကနေ မနက်ဖြန် (၂၇-၀၅-၂၀၀၈) မှာ ရန်ကုန်ကို ပြန်လည်ကြွချီမှာ ဖြစ်ပြီး၊ ယင်းအချိန်ထိ စင်္ကာပူဖုန်းနံပါတ် (၆၅) ၈၃၈၁-၀၅၉၄ သို့ခေါ်ဆိုဆက်သွယ်နိုင်ပါတယ်။

2 comments:

Zaw Zaw Aung said...

Does anyone know url of Thidagu sayardaw homepage??? pls share me.

Zaw Zaw Aung said...

I've got it. http://tbsn-sitagu.blogspot.com