သို့သော်လည်း ယခုကဲ့သို့ကျွန်တော်တို့နိုင်ငံမှာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံလိုက်ရတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူလူထုကို မိမိတို့တက်နိုင်သလောက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နေကြတဲ့ အခါမှာတော့ နေထိုင်ရာ ဒေသအလိုက်၊ပါဝင်ပတ်သတ်သည့် အဖွဲ့အစည်းအလိုက်၊ ကျောင်းအလိုက်တွေ တင်မကတော့ဘဲ ယခင်ကထက်ပိုမိုတက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက် နေကြသည်များကို တွေ့မြင်နေရပါသည်။ ဤကဲ့သို တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာကျောင်းသားများရဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လာ နိုင်မှုကိုရှေးရှုပြီး တိုကျိုတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများမှ ဦးဆောင်ကာ မြန်မာကျောင်းသားများအဖွဲ့ (တိုကျို) (Myanmar Student’s Association in Tokyo) (MSA) ကို စတင်ဖွဲ့စည်းလိုက်ပါသည်။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်တစ်နိုင်ငံလုံး မှာရှိနေကြတဲ့ မြန်မာကျောင်းသားများ ပညာရပ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် နိုင်ရန်နှင့် ယခုလတ်တလော ဆောင်ရွက်နေသည့် မုန်တိုင်းသင့် ဒုက္ခသည်များ အတွက် အလှူငွေ ပစ္စည်းများစုဆောင်း ကောက်ခံနေသည့် လှုပ်ရှားမှုများကို ပိုမိုအရှိန်မြင့် ဆောင်ရွက်နိုင်ရန် တို့ဖြစ်ပါသည်။ လတ်တလောအနေဖြင့် Googlegroup မှာ Group (MSA Group) တစ်ခုအနေနဲ့ဖွင့်လှစ်ထားပြီး (http://groups.gogle.com/group/MSA_Tokyo?hl=en) မှတဆင့် ၀င်ရောက်ကြည့်ရှုပြီး ဆက်သွယ်ပါဝင် နိုင်သလို အကြံဥာဏ်များ ကိုလဲပေးပို့ဆွေးနွေးနိုင်ပါသည်။

ဖွဲ့စည်းပြီးစအချိန်မှာဘဲ MSA အဖွဲ့အနေဖြင့် မြန်မာမုန်တိုင်းသင့် ဒုက္ခသည်တွေ အတွက် အလှူငွေများ တိုးတက်ကောက်ခံရရှိရေး အတွက်စတင် လှုပ်ရှားခဲ့ပါတယ်။ ၁၇-၀၅-၂၀၀၈ မှာ Odaiba က ဈေးရောင်းပွဲတော်မှာ မြန်မာဆိုင် ဖွင့်လှစ်ရောင်းချပြီး အလှူငွေများ ရှာဖွေခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။

No comments:
Post a Comment