ကံကောင်းတာ ကတော့ ကျွန်တော်ကလဲ အဲဒီနေ့မှာမှ ဖြစ်တောင့် ဖြစ်ခဲ နာရီမှားကြည့် ပြီး ၆ နာရီ ခွဲ လောက် ကတည်းက နိုးနေပါတယ်။ ဒါကြောင့် ချက်ခြင်းဘဲ တခြား သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး အဆောင်မှာ သွားစောင့်နေလိုက်ပါတယ်။ မကြာခင်မှာဘဲ ဆိုင်တမခရိုင် အတွင်းက volunteer အဖွဲ့တွေ ထရပ်ကား(၃) စီးနဲ့ တပြိုင်နက်ထဲမှာ အပြိုင်အဆိုင် ဆိုသလို ရောက်လာ ကြပါတယ်။ ပစ္စည်းတွေ ထားမဲ့ အခန်းနဲ့ အနီးဆုံး နေရာမှာ ကားတွေထိုးပြီး တာနဲ့ အားလုံးဘဲ လက်မလည်အောင် ပစ္စည်းတွေချ နေတဲ့ အချိန်အတွင်းမှာ ကိုဘဲ နောက်ထပ် လာပို့တဲ့ အဖွဲ့တွေ က အဆောင်ထိ မလာတက်လို့ ကျောင်းနားက ကားပါကင် မှာ တစ်ချို့၊ ကျောင်းဂိတ်ဝမှာ တစ်ချို့ စောင့်နေတယ် ဆိုတာတွေကို ဖုန်းဆက် လာကြပြန်ပါတယ်။ လမ်းညွှန်ပေး ပေမဲ့လည်း မလာတက်ဘူး ဘဲ ပြောနေတော့ လူခွဲပြီး လိုက်ခေါ်ရ၊ ရောက်လာတော့လည်း တခါပါလာတဲ့ ပစ္စည်းတွေ ချရ၊ ပြီးတော့ ခါးကျိုးမတက် ကျေးဇူးတင်စကားတွေ ပြောရနဲ့ နေ့လည်လောက် ရောက်တော့ အားလုံးဘဲ ဟိုက်နေကြပါတယ်။
ကားတွေ အနည်းငယ် ရှင်းသွားတဲ့ နေ့လည် (၁) နာရီ လောက်မှာတော့ ပစ္စည်းတွေက တောင်ပုံရာပုံ ဖြစ်နေပြီး၊ International House ကပေးထားတဲ့ Family Room အခန်းလွတ် (၂) ခုနဲ့ Assembly Hall တစ်ခုလုံးလဲ ထားစရာ မရှိတော့ လောက်အောင် ပြည့်သွားပါတော့တယ်။ အဆောင်မှာ အခန်းလွတ်တွေ ရှိသေးလား၊ မရှိတော့ဘူးလား ကလည်းမသေချာ၊ အားလုံးလည်း ကြံရာမရကြနဲ့ နောက်ထပ် တခန်းထပ်တောင်းဖို့ အားယူနေတုန်း မှာဘဲ မြန်မာတွေကို အင်မတန် စာနာနေတဲ့ Ihouse Staff တွေက အဆောင်ရဲ့ နောက်ဆုံး အခန်းလွတ် တစ်ခုကို သုံးဖို့ ဖွင့်ပေးလိုက် တဲ့အတွက် ပစ္စည်းထားမဲ့ နေရာ အခက်အခဲက ပြေလည်သွားခဲ့ပါတယ်။ ဒါနဲ့ ခဏနားကြပြီး မကြာခင် အချိန်မှာ နောက်ထပ် လာရောက် လှူဒန်းမဲ့ Rotary အသင်းရဲ့ Katsukabe Club က ဥက္ကဌ နဲ့ လူကြီးတွေကို ထမင်းစားခန်း ထဲမှာ ဧည့်ခံ စကားပြောဖို့ စားပွဲတွေ ကုလားထိုင်တွေ ပြင်ရပါတယ်။ ပြောထားတဲ့ အချိန်မှာဘဲ ရောက်လာကြပြီး ပြင်ဆင်ထားတဲ့ အခန်းထဲမှာ ၄င်းတို့ အဖွဲ့ရဲ့ အကြောင်း၊ လှူဒန်းရတဲ့ ရည်ရွယ်ချက် စတာတွေကို ရှင်းလင်း ပြောပြပါတယ်။ အဲလို ပြောနေတဲ့ အချိန်တွင်းမှာ ဘဲ နောက်ထပ် ကားတွေ ထပ်ရောက်လာလို့ မိန်းကလေးတွေ ဘဲချန်ထား ခဲ့ပြီး ကျန်တဲ့လူ အကုန် ပစ္စည်းတွေ ပြေးချရ ပြန်ပါတယ်။ အဲဒီအချိန် မှာဘဲ ဂွန်းမခရိုင်၊ နိဂတ၊ တကာစကီ စတဲ့ နေရာတွေ ကနေ ထရပ်ကား အငယ်စားတွေ နဲ့ထပ်ထပ်ပြီး ရောက်လာ လို့ အခန်းထဲမှာ ကျန်ခဲ့တဲ့ မိန်းကလေးတွေရော ဧည့်သည်တွေပါ အပြင်ထွက် လာပြီး အားပေး လိုက်ရပါတော့တယ်။ ပြီးတော့ အပြင်မှာဘဲ ဘယ်ကိုပို့ပြီး လှူမလဲ၊ ဘယ်လို လှူမလဲ၊ စတာတွေ မေးမြန်းပြီး ပြန်သွား ကြရပါတယ်။ သူတို့လဲ ကျွန်တော်တို့ ဒီမှာ လုပ်နေတဲ့ ပမာဏနဲ့ အတိုင်းအတာ ကိုတွေ့သွားပြီး လိုအပ်တာတွေ ကို ဆက်လက် အကူအညီ ပေးသွားမယ်လို့ ပြောသွားပါတယ်။
ညနေ (၅) နာရီ လောက်မှာ ကားတွေလာတာ ရပ်သွားလို့ လဲနားဖို့ရာ စိတ်ကူးဖို့ တောင် အချိန်မရ လိုက်ကြပါဘူး။ အခန်းတွေ ထဲမှာ ထားစရာ ပစ္စည်းတွေက ဖရိုဖရဲနဲ့ ကျပ်နေလို့ ပြန်စီရ ပြန်ပါတယ်။ ကျွပ်ကျွပ်အိတ်တွေ၊ စက္ကူအိတ်တွေ နဲ့ ရောက်လာတာတွေ ကို ကတ်ထူပုံးတွေ ထဲ ထည့် ဖို့ ကလဲ ဦးစားပေး လုပ်ဖို့ လိုလာပါတယ်။ ဒါနဲ့ဘဲကျွန်တော်တို့ (၃) ယောက်လောက်က ကျောင်းနားတ၀ိုက် က စတိုးဆိုင်ကြီး တွေမှာ ပုံးအလွတ် တွေ သွားတောင်းဘို့ လက်တွန်းလှည်း တွေ နဲ့ ချက်ခြင်းဘဲ ထွက်ရပြန်ပါတယ်။ အားလုံးစားဖို့ ညနေစာ ချက်တဲ့ (၂) ယောက်က လွဲပြီး ကျန်ခဲ့တဲ့ လူတွေအားလုံး လဲ ပစ္စည်းတွေ ထားတဲ့ အခန်းတွေထဲ ၀င်ပြီး အိတ်ထဲက အ၀တ်တွေကို ကတ်ထူပုံးတွေ ထဲ ထည့်ရပါတော့တယ်။ အနီးအနားက ဆိုင်တွေကနေ တောင်းလို့ ရလာတဲ့ ပုံးတွေထဲကို တစ်ခါ ၀ိုင်းထည့် လိုက်ကြတာ ခဏနဲ့ ပြတ်သွားပြီး၊ ထည့်စရာတွေ က တောင်လိုပုံ နေသေးတာမို့ အဖွဲ့တွေ ခွဲပြီး ခပ်ဝေးဝေးက စတိုးဆိုင်တွေ နဲ့ ကျောင်းဝင်း အတွင်းမှာ နောက်တစ်ခါ ကတ်ထူပုံး ရှာပုံတော် ဖွင့်ရပြန်ပါတယ်။
ကတ်ထူပုံးချပ် တွေတင်ထား တဲ့ လက်တွန်းလှည်းကြီးတွေနဲ့ လမ်းပိတ်ပြီးသွားနေ တဲ့ ကျွန်တော်တို့ဟာ စိတ်မရှည်တဲ့ စက်ဘီးပေါ်က ဂျပန်မတွေရဲ့ ဘုရှိတ် ရှိတ်သွား တာတွေကိုလည်း လမ်းတလျောက်လုံး မကြာခဏ ကြုံခဲ့ရပါသေးတယ်။ ဒါတွေကို လျစ်လျူရှုပြီး အားကြိုးမာန်တက် တွန်းလာလိုက်တာ ပြန်ရောက်တော့ (၈) နာရီ ထိုးခါနီး နေပါပြီ။ အထုတ်တွေဖြည် ပုံးတွေထဲ ဆက်ထည့်နဲ့ (၈) နာရီ ခွဲလောက်မှာ ထမင်းချက်တဲ့ အဖွဲ့က စားလို့ ရပြီလို့ လာပြောတော့ လုပ်လက်စ ခဏရပ်ပြီး ချက်ထားတဲ့ နန်းကြီးသုတ် နဲ့ အုန်းနို့် ခေါက်ဆွဲဟင်းရည် ကို ၀ိုင်းပြီး အားပေးလိုက်တာ လောက်တောင် မလောက်ပါဘူး။ ပြီးတာနဲ့ ခေါက်ဆွဲပြား တောင် သိပ်မစီ လိုက်ရဘဲ ဆက်လုပ် လိုက်ကြတာ ည (၁၀) နာရီခွဲ လောက်မှာ ပြီးသလောက်ရှိ သွားပြီး၊ (၁၁) နာရီလောက်မှာ လက်စ သတ်နိုင် ခဲ့ကြပါတယ်။ အ၀တ်တွေ အားလုံးလည်း ပုံးတွေထဲ ရောက်သွားသလို သေသေချာချာ ထပ်ပြီးစီလိုက်တော့ နေရာတွေ ထွက်လာပါတယ်။ ဒီတော့မှ နောက်ထပ် ရောက်လာနိုင်တဲ့ ပမာဏ အတွက် နည်းနည်းလေး စိတ်အေး သွားနိုင်ခဲ့ကြပါတယ်။ ညကလဲနက်နေ၊ အားလုံးလဲ အတော်လေးကို ပင်ပန်း နေကြလို့ ရှေ့ဆက်လုပ် ရမှာတွေကို အတိုချုပ်ဆွေးနွေးပြီး လူစုခွဲလိုက်တော့ တောင်မှ တနင်္ဂနွေနေ့ ထဲအထိ ရောက်သွားခဲ့ ပါသေးတယ်။
ကိုကိုအောင်



